ရာသီလာချိန်မှာ ကော်ဖီသောက်ရင် ဘာတွေ ဖြစ်နိုင်လဲ
ရာသီလာချိန်မှာ နာကျင်ကိုက်ခဲမှု သက်သာစေဖို့ ဘာတွေ မစားနဲ့။ ဘာတွေစားဆိုပြီး ကြားဖူးကြမှာပါ။
ဒါပေမယ့် ကော်ဖီကလည်း ကြိုက်တယ်၊ ရာသီလာချိန်မှာ ကော်ဖီသောက်ရင် ဘာဖြစ်မလဲဆိုပြီး စိတ်ပူနေတဲ့သူလေးတွေရှိရင် အကြောင်းအရင်းကို သေသေချာချာ သိရှိနိုင်ဖို့ ဖတ်ကြည့်လိုက်ဦးနော်။
ရာသီလာချိန်မှာ ကော်ဖီသောက်ရင် ဘာဖြစ်နိုင်လဲ?
ကော်ဖီသောက်တာက စိတ်ရောကိုယ်ပါ လန်းဆန်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အရမ်းပင်ပန်းနေချိန်၊ အိပ်ငိုက်နေချိန်မှာ ကော်ဖီသောက်လိုက်တာက အားပြည့်သွားသလို ခံစားရနိုင်ပါတယ်။ ကော်ဖီက အတန်အသင့်သောက်ရင် ကျန်းမာရေးကို အားဖြည့်ပေးနိုင်တယ်ဆိုပေမယ့် အများကြီး သောက်မယ်ဆိုရင်တော့ စိတ်ရောကိုယ်ပါ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။
တကယ်ကတော့ ရာသီလာနေချိန်မှာပဲ ဖြစ်ဖြစ် ရာသီမလာချိန်မှာပဲ ဖြစ်ဖြစ်ကော်ဖီကို တစ်နေ့ကို ၄ ခွက်လောက် သောက်တာက ကဖင်း လွန်တာမျိုး ဖြစ်စေပြီး စိတ်ရောကိုယ်ပါ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။
ကော်ဖီကို သောက်တာက အိပ်မပျော်တာကို ဖြစ်စေနိုင်ပါတယ်။ ကိုယ်တွင်းမှာ ဟော်မုန်း မမျှတတာကို ဖြစ်စေနိုင်သလို ကဖင်းကြောင့် သံဓာတ်ချို့တဲ့မှုကို ဖြစ်စေပြီး ရာသီလာချိန်မှာ ခြေကုန်လက်ပမ်းကျတာ၊ အိပ်ရေးမဝတာ၊ စိတ်ဖိစီးတာ၊ စိတ်ဓာတ်ကျတာလိုမျိုး ပြဿနာတွေကို ခံစားရနိုင်ပါတယ်။
ဒါတင်လားဆိုတော့ ရာသီလာချိန်မှာ ခန္ဓာကိုယ်က အာဟာရတွေ ပြည့်ဝနေဖို့ လိုပါမယ်။ ကဖင်းက အာဟာရစုပ်ယူနိုင်စွမ်းကို အဟန့်အတားဖြစ်စေပြီး ခန္ဓာကိုယ်မှာ အာဟာရ မလုံလောက်တာမျိုး ခံစားရနိုင်ပါတယ်။ ကဖင်းများတာက ဆီးရွှင်စေပြီး ကိုယ်တွင်းက ရေဓာတ်ကို ဆုံးရှုံးစေနိုင်ပါသေးတယ်။
ဒီလိုမျိုး ရေဓာတ်တွေဆုံးရှုံးပြီး ကိုယ်တွင်းမှာ ရေဓာတ်ခမ်းခြောက်မှု ဖြစ်တာက ရာသီလာချိန်မှာ ဖျားချင်တာ၊ ခြေကုန်လက်ပမ်းကျတာ၊ ခေါင်းကိုက်တာ၊ ကိုယ်လက်ကိုက်ခဲတာမျိုးတွေကို ခံစားရစေနိုင်ပါတယ်။
နောက်တစ်ချက်က ရာသီလာချိန်မှာ ကော်ဖီသောက်တာက ရာသီလာချိန်မှာ ကိုက်ခဲနာကျင်တာကို ပိုဆိုးစေနိုင်ပါတယ်။
ရာသီလာချိန်မှာ ရေဓာတ် အာဟာရဓာတ်တွေ ပြည့်ဝစေဖို့အတွက် အတော်လေး အရေးပါပါတယ်။ ဒါမှ ဆုံးရှုံးသွားတဲ့ သွေးတွေကြောင့် ခန္ဓာကိုယ်မှာ ထိခိုက်စေတာမျိုး မဖြစ်မှာပါ။ ဒါကြောင့် ရာသီလာချိန်မှာ စားလိုက်တိုင်း အာဟာရဖြစ်စေပြီး ခြေကုန်လက်ပမ်းကျတာကို သက်သာစေဖို့အတွက် ကော်ဖီကို တတ်နိုင်သမျှ လျှော့သောက်ပါ။ ရေများများ သောက်ပါ။
မွန်မွန်
Htet Htet 28 Jun 2023 |
ရာသီလာချိန်ကော်ဖီတစ်ခွက်ထဲသောက်ရင်ရောကိုက်ခဲမှုတွေဖြစ်နိုင်ပါသလား